20 November 2011

မြေပုံမြို့နယ် စိတ္တရ ရွာကြီးမီးလောင်၊ အိမ်ပေါင်း ၁၄၆ ဆောင် မီးထဲပါ

ဂီရိ မုန်တိုင်း ဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော ရခိုင်ပြည်နယ် မြေပုံမြို့နယ် စိတ္တရ ကျေးရွာတွင် ယနေ့ မီးလောင်မူ ဖြစ်ပွားရာ အိမ်ခြေပေါင်း ၁၄၆ ဆောင် မီးထဲ ပါသွားခဲ့သည်။

" မီးလောင်တာက နံနက် ၈ နာရီခွဲကနေ စလောင်တာ ဖြစ်ပါတယ်။ နေ့လည်း ၁ နာရီမှ မီးငြိမ်းသွားပါတယ်။ အိမ်ခြေပေါင်း ၁၄၆ ဆောင် မီးထဲပါသွားပါတယ်။ ဆုံးရှုံးမူကတော့ မခန့်မှန်းနိုင်သေးဘူး" ဟု ဒေသခံ ရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

မီးမှာ ရွာလယ်ပိုင်းမှ စတင် လောင်ခြင်း ဖြစ်ပြီး မည်သူ့အိမ်မှ စတင်လောင်သည်ကို မသိရှိကြောင်း အဆိုပါ ရွာသားက ပြောသည်။

" မီးဘယ်အိမ်က ဘာကြောင့် စလောင်တယ်ဆိုတာ မသိရသေးဘူး။ ရွာလယ်ပိုင်းက စလောင်တာ ဖြစ်ပါတယ်။ အထိအခိုက် အသေအပျောက်တော့ မရှိပါဘူး။ အခု မီးဘေးသင့် ဒုက္ခသည်တွေကို မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပါတယ်။ တမင်းထုတ်တွေကိုတော့ ကမ်းထောင့်ကြီးရွာက လာပို့ပါတယ်" ဟု သူက ဆက်ပြောသည်။

စိတ္တရကျေးရွာတွင် အိမ်ခြေပေါင်း ၄၀၀ ကျော်ရှိပြီး ကမ်းထောင့်ကြီးတိုက်နယ်ရွာကြီး အနီးတွင် တည်ရှိသည်။

ယခု စိတ္တရ ကျေးရွာ မီးလောင်မူမှာ ရခိုင်ပြည်နယ်၌ ယခုလအတွင်း (၅) ကြိမ်မြောက် မီးလောင်မူ ဖြစ်သည်။ နိုဝင်္ဘာလ ၁ ရက်နေ့က ရမ်းဗြဲ ကျောက်နီမော်၊ နိုဝင်္ဘာလ ၁၂ ရက်နေ့က မင်းပြားဈေးကြီး၊ နိုဝင်္ဘာလ ၁၇ ရက်နေ့က မြောက်ဦး၊ နိုဝင်္ဘာလ ၁၈ ရက်နေ့က မောင်တော တမန်းသား ရွာတွင် မီးလောင်မူ ဖြစ်ပွားခဲ့သည်။ 
 
 
 ....................................
နိရဉ္စရာသတင်း