16 December 2011

တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့လုပ်ပိုင်ခွင့် ခုံရုံးလျှောက်ထားချက် အနိုင်ရ

2011-12-14
တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အဆောင်အယောင်တွေဟာ တိုင်းဒေသနဲ့ ပြည်နယ်ဝန်ကြီးတွေနဲ့ တန်းတူခံစားခွင့်ရှိရမယ်ဆိုတဲ့ လျှောက်ထားချက်ကို အခြေခံဥပဒေခုံရုံးက ဒီကနေ့ အနိုင်ပေးလိုက်ပါတယ်။

(Photo: AFP)
ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီဆုံးဖြတ်ချက်ဟာ တိုင်းရင်းသား တန်းတူညီမျှရေး လှုပ်ရှားနေသူတွေအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်စရာ ဆုံးဖြတ်ချက်လို့ အမျိုးသားလွှတ်တော်အမတ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းလောက်က တိုင်းရင်းသားရေးရာ ၀န်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်ဟာ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ကွဲလွဲနေတာမို့ ပြင်ဆင် ပြဋ္ဌာန်းပေးဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးက နေပြည်တော် အခြေခံဥပဒေ ခုံရုံးမှာ လျှောက်ထားတင်ပြခဲ့တာပါ။ အဲဒီကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီနဲ့ တိုင်းရင်းသားပါတီဝင်အမတ်တွေလို့ သိရပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ တိုင်းဒေသကြီး အစိုးရ အစည်းအဝေးမှာ ပါဝင်ခွင့်မရတဲ့အပြင် တာဝန်နဲ့ သွားလာတဲ့အခါမှာတောင် ကိုယ်စရိတ်နဲ့ကိုယ် သွားလာနေကြရတာပါ။
ဒီလို ခွဲခြားဆက်ဆံခံရတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီတာကြောင့် ပြည်ထောင်စုတရားရုံးချုပ်အနေနဲ့ တိတိကျကျ ပြင်ဆင်သတ်မှတ်ပြဋ္ဌာန်းပေးဖို့ အမျိုးသားလွှတ်တော်အမတ်တွေက အခြေခံဥပဒေခုံရုံးကို လျှောက်ထားခဲ့ပြီး အမှုကို နိုဝင်ဘာ ၂၈ ရက်က ကြားနာစစ်ဆေးခဲ့ပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် ပြည်သူအများသိအောင် ကြားနာစစ်ဆေးခဲ့တဲ့အမှုလည်း ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/ethnic-ministers-12142011125734.html