8 December 2011

RNDP နှင့် USDP ပူးပေါင်း၍ ရခိုင်ပြည်နယ်နေ့ ကျင်းပမည်

မင်းဆက်ခိုင်
-------------
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP နှင့် ပြည်ခိုင်ဖြိုး ပါတီ USDP တို့ ပူးပေါင်းပြီး ယခုနှစ်တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ကို မောင်တောမြို့တွင် ပူးပေါင်း ကျင်းပကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

downtown-maungdow
ရခိုင်ပြည်နယ်နေ့မှာ ဒီဇင်္ဘာလ ၁၅ရက် နေ့ ဖြစ်ပြီး ဒီဇင်္ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂ ရက်တိုင်တိုင် အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်သည်။

မောင်တောမြို့နယ် RNDP ပါတီမှ တာဝန်ရှိသူတဦးက အခမ်းအနား ကျင်းပမည့် အစီအစဉ်ကို ယခုလို ပြောသည်။

"ကျနော်တို့ ၂ရက်ကျင်းပဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ ရတပပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ ပြီးတော့ တခြား မြို့မိမြို့ဖတွေနဲ့ ပွဲတော်ကျင်းပရေး ကော်မတီတခုဖွဲ့ထားပါတယ်။ ဒီလို စုပေါင်း လုပ်တယ် ဆိုတာကလည်း ပိုပြီးတော့ စည်းကားသွားအောင် ရည်ရွယ်တာပါ။ ကိုယ့် ရခိုင်ပြည်နယ်နေ့ဆိုတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ သဘောပါ။"

၎င်းကော်မတီကို ပွဲတော်ဖြစ်မြောက်ရေး အတွက် ရတပ ပါတီဝင်များ၊ ကြံ့ခိုင်ရေး ပါတီဝင်များနှင့် တခြားမြို့ခံ လူကြီးများဖြင့် စုစည်းပြီး နိုဝင်္ဘာလ ၂၅ရက်နေ့က ကျင်းပရေး ကော်မီတီ တစ်ခု ဖွဲ့စည်းခဲ့သည်။

ကျင်းပရေး ကော်မတီတွင် ဥက္ကဌ အဖြစ် ဦးဦးခင်မောင် (သမဝါမ ဦးစီးမှူး) က တာဝန်ယူ ဆောာင်ရွက်မည် ဖြစ်ပြီး ဒုဥက္ကဌများ အဖြစ် ဦးမောင်အုန်း (မောင်တောမြို့နယ် ရတပပါတီ ဒု-ဥက္ကဌ) နှင့် ဦးထွန်းလှစိန် (မောင်တောခရိုင် ကြံ့ခိုင်ရေး အတွင်းရေးမှူး)တို့ ဖြစ်ကြကြောင်း သိရသည်။

"၁၄ရက်နေ့နဲ့ ၁၅ရက်နေ့ နှစ်ရက်လုံး နေ့ဘက်တွေမှာဆိုရင် ပျော်ပွဲ ရွင်ပွဲ အားကစားပွဲတွေကို စီစဉ်ထားပါတယ်။ ညအချိန်မှာတော့ ရခိုင်အဆိုတော်တွေနဲ့ စတိတ်ရှိုးပွဲကျင်းပမှာဖြစ်ပါတယ်။ ပွဲဖြစ်မြောက်ရေး အတွက် ရံပုံငွေတချို့ကိုတော့ ကျနော်တို့ ကျင်းပရေး ကော်မီတီ ကနေပြီးတော့ မြို့လူထုဆီက စေတနာ ပေါက် ကောက်ခံထားတာရှိပါတယ်။ အနည်းဆုံးကတော့ သိန်း ၅၀လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်" ဟု သူက ဆက်ပြောသည်။

ပျော်ပွဲ ရွင်ပွဲ အားကစားပွဲများကို မောင်တောမြို့ မြို့မ အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး အဆိုတော်များအနေဖြင့် နာမည်ရ အဆိုတော်များဖြစ်ကြသော ဒိုးအ်ရီ၊ စစ်နိုင်၊ ညှာစိမ်းခိုင်၊ စောနှင်းနွယ် နှင့် တခြား တက်သစ်စ အဆိုရှင်များနှင့် မောင်တောမြို့မှ ဝါသနာရှင်များက မောင်တောမြို့မှ လူငယ်များနှင့် ဖွဲ့စည်းထားသော "The Oath" Band ဖြင့် ဖျော်ဖြေကြမည် ဖြစ်သည်။

စတိတ်ရှိုးဖျော်ဖြေပွဲကို လက်မှတ်ဖြင့် စီစဉ်ထားပြီး အမြတ်အစွန်းများ ရရှိပါက ရံပုံငွေအဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် ဘာသာရေး၊ ယဉ်ကျေးမူနှင့် အမျိုးသားနှင့် သက်ဆိုင်သော ပွဲလန်း သဘင်များကို RNDP နှင့် USDP က နောင်တွင်လည်း ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်သည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ်ကို ၁၉၇၄ ဖွဲ့စည်းပုံဖြင့် တိုင်းအဆင့်မှ ပြည်နယ် အဖြစ် ဦးနေ၀င်း ဦးဆောင်သော မဆလ အစိုးရက အသိအမှတ်ပြုခဲ့သည်။



------------------
 
နိရဉ္စရာ